အိပ်မက်အကြောင်း

အိပ်မက်ကို လူတိုင်းမက်သည်။ သို့သော် မိမိတို့အိပ်မက်၏ ကောင်းကျိုးဆိုးကျိုးကို ကြိုတင်၍သတိမထားသည့်အတွက် အကျိုးခံစားသင့်သောအရာများ လွဲချော်သွားသည်လည်းရှိပေသည်။ မကောင်းကျိုးကိုမခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်လည်း တွေ့ရတတ်သည်။ ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။

အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။ သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ်တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့် အိပ်မက်ဖြစ်က ပေးရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့်နေရမည်။

ဆိုးကျိုးပေးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သောအကျိုးကို မပေးရန် အဟောသိကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကို ကိုးကွယ်ဆည်းကပ်၍ ယတြာများဆင်ရပေမည်။ ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန်သတိရှိကြစေလိုသည်။ ဤသို့ ကျမ်းအစောင်စောင်တို့ အဆိုမတူညီကြ၊ သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌မက်သော အိပ်မက်ဖြစ်စေ 'ယတြာကောင်းက မင်း လောင်းပျောက်' ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းဆေးခြင်း ကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သားတို့ကို အောက်ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့စသော လောကဓမ္မယတြာကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။

အိပ်မက်၊ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဂြိုလ်စာသက်ရောက် အစရှိသည်တို့ကို မယုံကြည်တတ်လျှင် မိစ္ဆာဒိဠိဖြစ်တတ်၏။ ထို့ကြောင့် "ငါ့အား အ,ကုသိုလ်ကံအကျိုးပေးလို၍ မကောင်းသောအိပ်မက် စသည်တို့ မြင်လာကုန် သည်။ ကုသိုလ်ကံအကျိုးပေးလို၍ ကောင်းသော အိပ်မက် စသည်တို့ မြင်လာ ကုန်သည်။ ဤသို့ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကံကိုအရင်းထား၍ ယုံကြည်ရမည်"ဟု ပညာရှိတို့ မိန့်တော်မူကြ၏။ ထို့ကြောင့် အိပ်မက်များအားကံကို အရင်းထား၍ ယုံကြည်ကြပါလေ။

အိပ်မက်ခြင်း ခြောက်ပါး
  • ၁။ မြင်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
  • ၂။ ကြားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
  • ၃။ ခံစားဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
  • ၄။ ကြုံဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
  • ၅။ ဖြစ်ဖူးသည်ကို စွဲ၍မက်မူ အကျိုးအပြစ်ရှိ၏။
  • ၆။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။
အိပ်မက်သော အခါငါးပါး
  • ၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
  • ၂။ သန်းခေါင်မက်မူ နှစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
  • ၃။ မိုးသောက်မက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။
  • ၄။ နံနက်နေတက် မက်မူ ခုနစ်လအတွင်း အကျိုးပေးအံ့။
  • ၅။ မွန်းတည့်မက်မူ ခုနစ်လအတွင် အကျိုးအပြစ်ပေးအံ့။
အိပ်မက်သော အခါလေးပါး
  • ၁။ နတ်တို့ပြောကြား၍မက်မူ အကျိုးအပြစ်ရှိ၏။
  • ၂။ ရှေ့ခံစား လေ့လာဖူး၍မက်မူ အကျိုးအပြစ်မရှိ။
  • ၃။ ဓာတ်ချောက်ချား၍မက်မူ အကျိုးအပြစ်မရှိ။
  • ၄။ အကျိုးပေးလတ့္တံသောကြောင့်မက်မူ ဧကန္တအကျိုးရှိ၏။
အိပ်မက်သော အခါလေးပါး
  • ၁။ ညဉ့်ဦးမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
  • ၂။ သန်းခေါင်ယံမက်မူ တစ်လခွဲအတွင်း အကျိုးအပြစ်ပေးအံ့။
  • ၃။ သန်းလွဲမက်မူ ခုနစ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
  • ၄။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။
အိပ်မက်သော အခါသုံးပါး
  • ၁။ ညဉ့်ဦးယံမက်မူ တစ်နှစ်အတွင်း အကျိုးအပြစ်ပေးအံ့။
  • ၂။ သန်းခေါင်မက်မူ နှစ်နှစ်ခွဲအတွင်း အကျိုးအပြစ်ပေးအံ့။
  • ၃။ မိုးသောက်မက်မူ တစ်လအတွင်း အကျိုးအပြစ်ပေးအံ့။
အိပ်မက်သော အခါငါးပါး
  • ၁။ နေ့အခါမက်မူ အကျိုးအပြစ်မပေး။
  • ၂။ ပထမယံမက်မူ အကျိုးအပြစ်မပေး။
  • ၃။ သန်းခေါင်ယံမက်မူ အကျိုးအပြစ်ပေးအံ့။
  • ၄။ မိုးသောက်ယံမက်မူ အကျိုးအပြစ်ပေးအံ့။
  • ၅။ အရုဏ်တက် မက်မူ အကျိုးအပြစ်ပေးအံ့။
အိပ်မက်သော အခါလေးပါး
  • ၁။ နေ့အခါမက်မူ မှန်မမှန် နှစ်ပါး။
  • ၂။ ညဉ့်ဦးမက်မူ မှန်မမှန် နှစ်ပါး။
  • ၃။ မိုးသောက်မက်မူ အမှန်။
  • ၄။ အရုဏ်တက်မက်မူ အမှန်။
အိပ်မက်သော အခါငါးပါး
  • ၁။ ပထမယံမက်မူ တစ်နှစ်အတွင်း အကျိုးပေးအံ့။
  • ၂။ ဒုတိယံမက်မူ ခြောက်လအတွင်း အကျိုးအပြစ်ပေးအံ့။
  • ၃။ တတိယံမက်မူ သုံးလအတွင်း အကျိုးအပြစ်ပေးအံ့။
  • ၄။ စတုတ္ထယံမက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
  • ၅။ အရုဏ်တက် မက်မူ ဆယ်ရက်အတွင်း အကျိုးအပြစ်ပေးအံ့။
အိပ်မက်သော နေ့များ
  • ၁။ တနင်္ဂနွေမက်မူ မယားအတွက် မက်သည်။
  • ၂။ တနင်္လာနေ့မက်မူ ဆွေမျိုးအတွက် မက်သည်။
  • ၃။ အင်္ဂါနေ့မက်မူ မိဘ၊ ဆရာသမားအတွက် မက်သည်။
  • ၄။ ဗုဒ္ဓဟူးနေ့မက်မူ သားသမီးအတွက် မက်သည်။
  • ၅။ ကြာသပတေးနေ့မက်မူ အဆွေခင်ပွန်းအတွက် မက်သည်။
  • ၆။ သောကြာနေ့မက်မူ ကျွန်၊ ကျွဲ၊ နွားအတွက် မက်သည်။
  • ၇။ စနေနေ့မက်မူ ကိုယ့်အတွက် မက်သည်။
အိပ်မက်မကောင်း ပျောက်အောင် ကုနည်း

အိပ်မက်ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နံနက်အခါ မြော်မြင်တတ်သူထံ ပြန်ကြားရာ၏။ အိပ်မက်ကောင်းမူဘုရားကို မီးပူဇော်၍ အိပ် မက်ကို ရွေးရာ၏။ အသက်ရှည်၍ ဘုန်းကြီးပြီး စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလိုပါ၏ဟု ဆုတောင်းရာ၏။

အိပ်မက်ကောင်းမက်မူ ဆရာသမားတ့ိုကို ပူဇော်၍ ပြန်ကြားရာ၏။ မကောင်းမက်မူ ထမင်းတစ်ဆုပ်၊ ရေတစ်မှုတ်နှင့် သစ်ငုတ်တိုတွင် တင်ခဲ့၍ ကောင်းသောအရသာ တစ်ပါးပါးစား၍ ပြန်ရာ၏။

အိပ်မက်မကောင်းသော သူသည် ပရိတ်တော်ရေ ခံ၍ ခေါင်းဆေး ရာ၏။ သစ်ငုတ်၊ ရေချမ်း၊ ထီး၊ တံခွန်၊ ပန်းတ့ိုဖြင့် ဘုရားပုထိုးကို ပူဇော်ရာ၏။ ဗောဓိညောင်ကို ထောက်ရာ၏။

အိပ်မက်မကောင်းလျှင် ယတြာပြုခြင်း

အင်္ကုရ ရသေ့ တိတ္ထံုကျမ်း၌ မကောင်းသောအိပ်မက်တ့ိုကို မြင်မက်ခဲ့ လျှင် ရတနာသုံးပါး မိဘ, ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းတို့ကို ပြုလျှင်မကောင်းကျိုးပျောက်၍ ကောင်းကျိုးရောက်ရာ၏။

ကောသလမင်းကြီး အိပ်မက် (၁၆)ချက်
  • ၁။ နွားနက် လေးခု ဝှေ့မူဟန်ပြင်၊ မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။
  • ၂။ မြေက မကြွ ငယ်လှသစ်ပင်။ ဖူးငုံရင့်ပြီး ပွင့်သီးတွေမြိုင်၊ အရွယ်မမျှ ပျိုမ မယ်ခင်၊ သမီးသား လင်သား အိမ်ထောင်ချင်။
  • ၃။ ယနေ့ဖွားစ နွားမနိ့ုသာ၊ မိခင်နွားကြီး စ့ိုပြီးနေရှာ၊ သမီးနှင့်သား စီးပွားပိုင်ရှာ၊ မိနှင့်ဘ ကျွေးမှ စားရမှာ။
  • ၄။ နွားကြီးမကြိုက် ဝင်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ ဝပ်လဲနေတယ်၊ ကြီးသူဖယ်ရှား မြှောက်စားလူငယ်၊ တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်။
  • ၅။ ခံတွင်းနှစ်ခွ များလှရာဇာ၊ ကျွေးကျွေးသမျှ မဝနိုင်ပါ၊ မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊ နှစ်ဖက်စား တရားစီရင်မှာ။
  • ၆။ ခွေးအိုထံဆက် ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ ခွက်ထဲ စွန့်ပြန်၊ မျိုးမြတ်သမီး ပစ္စည်းမက်ဟန်၊ အမျိုးယုတ် လင်လုပ်ပေါင်းဖက်ဆံ။
  • ၇။ ရှေ့က ကျစ်ချ လွန်စကြိုးကို၊ ခွေးမ ခိုးစား ကိုက်ဝါးကာမျို၊ လင်ကြီးပစ္စည်း သိမ်းဆည်းမသို၊ လင်မြှောက်အား မယားလောကွက်ပို။
  • ၈။ အိုးငယ်ချည်နှီး အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်၊ ဆင်းရဲသူများ ဝတ်စားမကျန်၊ အခွန်တွက် နှိပ်စက်ငွေတောင်းခံ။
  • ၉။ ကြာမျိုးငါးဝ ပွင့်ကြ ရေကန်၊ ရေလယ်နောက်လျက် ကမ်းလက်ကြည်ပြန်၊ မြို့တွင်းပွေရှုပ် ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်။
  • ၁၀။ တစ်အိုးတည်းချက် အကျက်မညီ၊ ထမင်းမာဆတ် ပျော့နပ်သုံးလီ၊ မင်းကျင့်လူများ တရားမမှီ၊ မိုးသုံးစား ကွက်ကြားရွာချမည်။
  • ၁၁။ မွှေးပျံ့နံ့ကြူး စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ သုံးစွဲပြန်၊ အလဇ္ဇီများ တရားဖိုးတန်၊ ငွေနှင့်ပုလဲ အမြဲဟောမည်မှန်။
  • ၁၂။ သံကြေးမပေါင်း ဘူးပေါင်းဘူးအုံ၊ ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ ပညာရှိများ စကားဥဿုံ၊ ပြောသမျှ လောက မသုံးကုန်။
  • ၁၃။ အိမ်လုံး တောင်လုံး ကျောက်တုံးကျောက်ဖျာ။ ရေမှ ဘွားဘွား ထင်ရှားပေါ်လာ၊ ရဟန်းရှင်ဆိုး လူဆိုးများသာ၊ ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်လာ။
  • ၁၄။ အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို၊ ဖားငယ်မက ကိုက်ဝါးကာမျို၊ ကညာယူထား သက်ကြားဖိုးအို၊ မယားဆဲ အမြဲအော်ငေါက်ဆို။
  • ၁၅။ အဆင်းမည်းနက် ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ ခစားနေပါ၊ ပညာသီလ ပြည့်ဝသူဟာ၊ သူယုတ်အား ဝပ်တွားနေရမှာ။
  • ၁၆။ ဆိတ်ကို မြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့ သစ် ကျား ခုန်လွှားပြေးပြန် သူယုတ်မာများ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်း တောမြိုင်ယံ။

(ကောသလ အိပ်မက် တစ်ဆယ့်ခြောက်ချက် ပြီး၏)